တနင်္လာနေ့ကပြုလုပ်တဲ့ The Kyle and Jackie O Show ရဲ့ အင်တာဗျူးအစီအစဉ်မှာ Justin Bieber က သူ့ရဲ့အချစ်အရေးအကြောင်း ဖွင့်ဟသွားပါသတဲ့။
“ ခုလောလောဆယ်တော့ ကျွန်တော်ဘယ်သူနဲ့မှ တွဲမနေပါဘူး။ အေးအေးဆေးဆေးနဲ့ ပေါ့ပေါ့ပါးပါး သွားလာနေပါတယ်။ တစ်ယောက်တည်းပဲပေါ့” လို့ ၂၁ အရွယ် ပေါ့စတားကဆိုပါတယ်။ “ ကျွန်တော်က အချစ်ခံချင်တယ်။ ပွေ့ဖက်ခံချင်တယ်။ ပြီးတော့ အဲလိုမျိုးအားလုံးကို သဘောကျတဲ့ ယောကျာ်းလေးတစ်ယောက်ပေါ့။ ဒါပေမယ့် ကျွန်တော် အသည်းကွဲနေတယ်။ အဲဒါကြောင့် ခုဒဏ်ရာတွေကို ကုစားနေတာပါ” လို့ ပြောသွားပါတယ်။
၂၃ နှစ်အရွယ် ပေါ့စတားဖြစ်သူ Selena Gomez နဲ့ အကြာကြီးတွဲခဲ့တဲ့ Bieber က “ ကျွန်တော့်မှာ ဘီယာသောက်ဖော်သောက်ဖက် သူငယ်ချင်းတွေ ရှိပါတယ်။ ဒါနဲ့ ကျွန်တော် စကားပြောတာ အရမ်းပွင့်လင်းနေသလား? “ လို့လည်း ပြန်လည်မေးခွန်းထုတ်ခဲ့ပါသေးတယ်။
အရင်ကတွဲခဲ့ကြတဲ့ ချစ်သူနှစ်ဦးဟာ MTVs Video Music Awards ဆုပေးပွဲမှာတော့ တစ်ယောက်နဲ့တစ်ယောက် ဖာသိဖာသာနေခဲ့ကြပါသတဲ့။ Bieber ရဲ့နောက်ဆုံး Music Video “ What Do You Mean? “ မှာပါတဲ့ “ Selena “ ဆိုတဲ့နာမည်က ဘာသဘောလဲလို့ မေးတဲ့အခါမှာတော့ “ ကျွန်တော့်အထင် ဒါအတုလုပ်ထားတာဖြစ်မယ်။ ကျွန်တော် လုပ်ခဲ့တာမဟုတ်ပါဘူး “ လို့ ဖြေကြားထားပါတယ်။
သြဂုတ်လထဲက Elvis Duran and the Morning Show ဆိုတဲ့ ရေဒီယိုအင်တာဗျူးမှာလည်း သူ့ရဲ့အတိတ်က အမှားတွေကို ပြန်လည်ပြောပြခဲ့ပြီး သူ့ဘ၀အတွက် ပိုကောင်းအောင်ဘယ်လိုပြောင်းလဲနေတယ်ဆိုတာတွေကို ထုတ်ဖော်ပြောပြထားခဲ့ပါသေးတယ်။
( Michelle )
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com
Ref : Upi