“Sorry” သီချင်းနဲ့ အောင်မြင်မှု သရဖူအပေါင်းကို တစ်ကျော့ပြန် ခေါင်းဆောင်းထားတဲ့ Justin Bieber (ဂျက်စတင်ဘီဘာ) ကတော့ သူ့ရဲ့ နယ်လှည့်ဖျော်ဖြေပွဲတစ်ခုအပြီးတိုင်းမှာ ပြုလုပ်လေ့ရှိတဲ့ ပရိသတ်တွေနဲ့ တစ်ရင်းတစ်နှီးတွေ့ဆုံမယ့် အစီအစဉ် ( Meet and Greets ) ကို ဖျက်သိမ်းလိုက်တယ်လို့ သိရပါတယ်။
သူ့ရဲ့ ဒီဖျော်ဖြေပွဲကို ကြည့်ရှုရဖို့အတွက် အချို့သော ဘီဘာအမာခံ ပရိသတ်တွေ (Beliebers) ဟာ ဒေါ်လာ ထောင်ဂဏန်းလောက်အထိ ပေးခဲ့ရပါတယ်။ဘီဘာကတော့ ဒီပွဲအတွက် အင်အားကုန်သလိုဖြစ်နေပြီး မပျော်ရွှင်ဖြစ်နေတဲ့ ခံစားချက်ဖြစ်နေလို့ ဖျက်သိမ်းတယ်လို့ ကြေညာခဲ့ပါတယ်။
ဘီဘာဟာ ဒီဖျော်ဖြေပွဲကို ဖျက်သိမ်းလိုက်တဲ့ အကြောင်းရင်းကို Instagram စာမျက်နှာမှာ ကြေညာခဲ့ပြီး ပရိသတ်တွေကို စာတစ်တန် ပေတစ်တန်နဲ့ ရေးသား ကြေညာခဲ့တာကို တွေ့ရပါတယ်။ “ကျွန်တော် ဒီလိုမျိုး အံ့သြစရာကောင်းတဲ့လူတွေကို တွေ့ရလို့ ဝမ်းသာမိပါတယ်။ ဒါပေမယ့် ကျွန်တော် များစွာသောပရိသတ်တွေရဲ့ စိတ်ဆန္ဒကို ဖြည့်ဆည်းလိုက်တိုင်း အားကုန်သလိုဖြစ်သွားတယ်” လို့ ရေးသားခဲ့ပါတယ်။
ဒီကြေညာချက်ကိုတော့ ဘီဘာက သူ့ရဲ့ အငယ်စားပရိသတ်တစ်ယောက်ကို ဖက်ထားတဲ့ပုံနဲ့ တွဲပြီးတင်ထားခဲ့တာဖြစ်ပါတယ်။ ဘီဘာကတော့ သူနဲ့ ပရိသတ်တွေရဲ့ တွေ့ဆုံမှုဟာ အနည်းငယ်တော့ ဖိအားရှိနေခဲ့တယ်လို့လည်း ပြောပါတယ်။
“ကျွန်တော် လူတွေကို ပြုံးရွှင်နေအောင်လုပ်ချင်ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော့်ရဲ့ စိတ်ဓာတ်နဲ့ ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းမှုတွေကတော့ ဒီလိုမျိုး တွေ့ဆုံမှုတွေ ပြီးတဲ့အခါတိုင်းမှာ ကျန်နေခဲ့ပါတယ်။ ကျွန်တော် ဒီအစီအစဉ်ကို ဖျက်သိမ်းလိုက်ရလို့ ပြောမပြတတ်အောင် ဝမ်းနည်းမိပါတယ်။ ဒီခံစားချက်တွေက ကျွန်တော့်အပေါ်မှာ ပြင်းထန်မှုမရှိစေဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်က နောက်ထပ်ဖျော်ဖြေပွဲတွေကိုလည်း စိတ်ပင်ပန်းမှုမရှိဘဲ ကောင်းကောင်းလေးပဲ ဖျော်ဖြေချင်တာပါ” လို့ ပြောပါတယ်။
လက်မှတ်ဈေးနှုန်းတွေကတော့ ခေါင်ခိုက်နေပါတယ်။ ဒေါ်လာ ၃၅၀ ကနေ ဒေါ်လာ ၂၀၀၀ ဝန်းကျင်အထိရှိနေပါတယ်။ ဒီလို လက်မှတ်ခ ကြီးမြှင့်တဲ့အပြင် အကောင်းဆုံး Purpose နယ်လှည့် ဖျော်ဖြေပွဲတစ်ခုဖြစ်လာအောင်လည်း ဖျော်ဖြေမယ်လို့ JB က ပြောကြားခဲ့တာပါ။ ဒီလက်မှတ်ခတွေကိုတော့ ဘယ်အချိန်မှာ ပြန်လည်ရရှိမယ်ဆိုတာတော့ မသိရသေးပါဘူး။
ဂျက်စတင်ဘီဘာဟာ Purpose အယ်လ်ဘမ်ဖျော်ဖြေပွဲအတွက် ပွဲပေါင်း ၁၁၄ ပွဲကို မြောက်အမေရိကနဲ့ ဥရောပ တစ်ခွင်မှာ ကျင်းပဖို့ စီစဉ်ထားတာပါ။ ဘီဘာဟာဆိုရင်တော့ သူ့ရဲ့ Purpose ဖျော်ဖြေပွဲအထိမ်းအမှတ် တီရှပ်တွေမှာလည်း Purpose အစား Purose လို့ မှားယွင်းပြီး တံဆိပ်ရိုက်ခဲ့လို့ မကျေနပ်ဖြစ်ခဲ့ရပြီး သူ့ရဲ့ ပရိသတ်တွေကို တီရှပ်အသစ်တစ်ထည်နဲ့ အစားထိုးလဲလှယ်ပေးခဲ့တယ်လို့လည်း သိရပါတယ်။
( Paing A K )
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com
Ref : Starpulse