တက်တူးတွေကြောင့် ထင်ရှားတဲ့သူတွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ David Beckham (ဒေးဗစ်ဘက်ခမ်း) ကတော့ သူ့ရဲ့ ခန္ဒာကိုယ်က လစ်လပ်နေတဲ့နေရာတွေမှာ တက်တူးအလန်းစားတွေကို တစ်ခုပြီးတစ်ခုဖြည့်တင်းလျက်ရှိနေပါတယ်။ တက်တူးတစ်ခုစီတိုင်းမှာ အဓိပ္ပာယ်တွေနဲ့ ပြည့်နှက်နေတယ်ဆိုတဲ့ ဒေးဗစ်ရဲ့ နောက်ဆုံး တက်တူးသစ်ကရော ဘာအဓိပ္ပာယ်တွေရှိနေမလဲဆိုတာ မသိရသေးပါဘူး။
သူဟာ ဟောလိဝုဒ်ဒေသက နာမည်ကြီး Shamrock Social Club တက်တူးစတူဒီယိုမှာ ဒီတက်တူးကို ပုံဖော်ခဲ့တာဖြစ်ပြီး ရှေးရှေးတုန်းက စုံတွဲတစ်တွဲ ပြေးလွှားနေတဲ့ပုံကို ရေးထိုးခဲ့တာပါ။ အသက် ၄၀ အရွယ်ရှိပြီဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်းဟာဆိုရင်တော့ ၂၁.၁ သန်း Follower ရှိတဲ့ သူ့ရဲ့ Instagram စာမျက်နှာမှာ ဒီတက်တူးကို ထုတ်ဖော်ကြွားခဲ့ပြီး အပြီးသတ်စုတ်ချက်ဖြစ်ဖို့အတွက် အချိန် ငါးနာရီလောက်ပေးခဲ့ရတယ်လို့ သိရပါတယ်။
ဒေးဗစ်ရဲ့ တက်တူးအများစုဟာဆိုရင်တော့ ဘာသာရေး အသားပေးတက်တူးတွေများပြားပြီး အခုတက်တူးပုံကတော့ ဘာကိုရည်ညွှန်းလဲဆိုတာတော့ မသိရသေးပါဘူး။ သူဟာ နောက်ထပ်တက်တူးအလန်းစားတွေ သယ်ဆောင်ဖို့အတွက် နေရာလွတ်တွေကို ချင့်ချိန်ရှာဖွေလျက်ရှိနေပြီး ဒီတက်တူးကတော့ ခြေကျင်းဝတ်ရဲ့ အပေါ်ဘက်နားမှာ နေရာယူသွားခဲ့ပြီဖြစ်ပါတယ်။
ဘောလုံးသမားဟောင်း ဒေးဗစ်ရဲ့တက်တူးတွေကိုတော့ နာမည်ကျော် တက်တူးဆရာ မတ်ခ်မာဟွန်နီက အဓိက တာဝန်ယူ ရေးဆွဲပေးခဲ့တာဖြစ်ပြီး ဒေးဗစ်ကတော့ “Shamrock တက်တူးစတူဒီယိုရဲ့ မတ်ခ်မာဟွန်နီဆီကနေ ခမ်းနားတဲ့ ပန်းချီတစ်ခုကို ရခဲ့ပြီ။ မထတမ်းရေးဆွဲခံချင်နေအောင် လုပ်ပေးတဲ့ တက်တူးစတူဒီယိုပဲ။အကောင်းဆုံးဆွေးနွေးပြီးမှ တက်တူးကိုလည်း အချိန် ငါးနာရီလောက်ပေးပြီး ထိုးပေးတယ်။ တကယ့်ဆရာပဲ” လို့ ပုံမှာ အညွှန်းတပ်ရေးသားထားခဲ့ပါတယ်။
( Paing A K )
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com
Ref : Dailymail