Justin Bieber (ဂျက်စတင်ဘီဘာ)နဲ့ Skrillex တို့ကတော့ “Is it too late now to say sorry?” လို့ ပြောရမှာ နောက်ကျသွားပြီ ထင်ပါတယ်။
ကနေဒီယန်အဆိုတော်နဲ့ EDM စူပါစတားတို့ဟာ Sorry သီချင်းကို ဖန်တီးခဲ့ရာမှာတော့ တစ်ချို့ သီချင်းစာသားတွေနဲ့ တီးလုံးသံတစ်ချို့ကို ခိုးယူခဲ့တယ်လို့ လောလောဆယ်မှာ အစွပ်စွဲခံနေရပါတယ်။ အဆိုတော် Casey Dienel ဟာ the moniker White Hinterland အမည်နဲ့ ၂၀၁၄ ခုနှစ်တုန်းက Ring The Bell သီချင်းတစ်ပုဒ်ကို ဖန်တီးခဲ့ပါတယ်။
ဒီသီချင်းက စာသားတစ်ချို့နဲ့ အဝင်တီးလုံးတစ်ချို့တို့ဟာ Sorry သီချင်းမှာ အသုံးပြုထားတဲ့ စာသားနဲ့ တီးလုံးတစ်ချို့တို့နဲ့ တူညီနေတာကြောင့် Casey Dienel က ဂျက်စတင်ဘီဘာကို ဆက်သွယ်အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလတည်းက Dienel က ဆက်သွယ်ခဲ့တာဖြစ်ပြီး သူ့အနေနဲ့ ဂျက်စတင်ဘီဘာတို့ဘက်က အကြောင်းပြန်မှုတစ်စုံတစ်ရာကို မကြားခဲ့ရဘူးလို့ သိရပါတယ်။
ဒါ့ကြောင့် တရားဥပဒေအရ ဖြေရှင်းဖို့ပြင်ဆင်ထားခဲ့ပြီး ဂျက်စတင်ဘီဘာဘက်ကတော့ Sorry သီချင်းရေးသားသူတွေဖြစ်ကြတဲ့ ဂျူလီယာ မိုက်ကယ်စ် ၊ ဂျက်စတင်ထရန်တာနဲ့ မိုက်ကယ်တက်ကာတို့က ပြန်လည်ချေပသွားမယ်လို့ သိရပါတယ်။
ဒီသတင်းကတော့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မေလ ၂၆ ရက်နေ့က ပေါက်ကြားလာခဲ့တာပါ။ Dienel ကသူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ သူမဟာ Ring The Bell သီချင်းကို ပြုလုပ်ဖို့အတွက် သွေးတွေ ချွေးတွေပေးဆပ်ခဲ့ရပြီး သူမရဲ့ဖန်တီးမှုအနုပညာအလုပ်တစ်ခုကို ခွင့်ပြုချက်မရှိဘဲ ယူသုံးထားခဲ့တာကြောင့် အခုလို တရားတစ်ဘောင်နဲ့ ရင်ဆိုင်ဖို့ ဆုံးဖြတ်ခဲ့ပြီးဖြစ်တယ်လို့ ရေးသားထားခဲ့တယ်လို့ သိရပါတယ်။
ဒါ့ကြောင့် ကမ္ဘာကျော်ဂျက်စတင်ဘီဘာနဲ့ သီချင်းဖန်တီးသူ Skrillex တို့ကတော့ နာမည်ပျက်မယ့်ကိန်းပဲ ဆိုက်မလား ၊ သီချင်းကို ကူးယူထားမှုမရှိဘူးလို့ အချက်အလက်နဲ့ပဲ ပြန်ချေပနိုင်မလားကတော့ စောင့်ကြည့်သွားရတော့မှာပါ။
( Paing A K )
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com
Ref : Aceshowbiz