စူပါဟီးရိုးတစ်ယောက်ဖြစ်လာဖို့ဆိုတာ လွယ်ကူတဲ့ ဆုံးဖြတ်ချက်တော့ မဟုတ်ပါဘူး။ Chris Evens နှင့် Robert Downey Jr. တို့လို သရုပ်ဆောင်တွေ အကျယ်တဝန်းဆွေးနွေးခဲ့ဖူးသလိုပဲ Marvel ဇာတ်ကောင်တွေဟာ သဘာဝအားဖြင့် ဇာတ်ကားအများကြီးအတွက် စာချုပ်ချုပ်ဆိုရပြီး အချိန်အကြာကြီး စိတ်ရောကိုယ်ပါ မြှုပ်နှံထားရတာဖြစ်ပါတယ်။ ဒီတော့ Captain Marvel ဖြစ်တဲ့ Brie Larson အတွက်တော့ မိမိကိုယ်ကို သေချာဝေဖန်စိစစ်ပြီးမှ ဆုံးဖြတ်ချက်ချခဲ့ရပါတယ်။
"ကျွန်မ အချိန်အကြာကြီး ယူခဲ့ရတယ်။ တစ်ယောက်တည်းထိုင်ပြီးတော့ ကိုယ့်ဘဝအကြောင်း ပြန်စဉ်းစားပြီး ကိုယ်ဘာလိုချင်တာလဲဆိုတာကို စဉ်းစားခဲ့ရတယ်" လို့ မေလထုတ် Vanity Fair မဂ္ဂဇင်းရဲ့ မျက်နှာဖုံး အင်တာဗျူးမှာ ဖြေထားပါတယ်။ ရွေးချယ်ခံရတဲ့အကြောင်းကို မည်သူနှင့်မျှမတိုင်ပင်ရဘူးလို့ Marvel Studio က ပြောထားတာကြောင့်လည်း ဆုံးဖြတ်ချက်ချရတာ ပိုပြီးဝန်လေးနေခဲ့တာဖြစ်ပါတယ်။
"နောက်ဆုံးတော့ ဒီဇာတ်ကားက ကျွန်မဂရုစိုက်တဲ့အရာအားလုံး၊ တိုးတက်ပြောင်းလဲနေတဲ့ အရေးပါတဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့အရာအားလုံး၊ ကျွန်မငယ်တုန်းက အလိုရှိခဲ့တဲ့ အမှတ်သင်္ကေတတစ်ခုဖြစ်တယ်ဆိုတာ ငြင်းပယ်လို့မရပါဘူး။ ဒါကသာ အမျိုးသမီးငယ်တွေအတွက် နားလည်မှုနဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှုတွေကို ယူဆောင်ပေးနိုင်မယ်ဆိုရင် ထိုက်တန်တယ်လို့ တကယ်ခံစားရပါတယ်။ ကျွန်မ လုပ်မှာပါ" လို့ သူကဆက်ပြောပါတယ်။
Larson က Air Force မှာတာဝန်ထမ်းဆောင်နေရင်း Kree ဂြိုလ်သားမျိုးနွယ်နှင့် DNA ချင်းရောစပ်သွားတာကြောင့် superhuman ခွန်အား၊ ပျံသန်းနိုင်ခြင်း၊ အကြမ်းခံနိုင်ခြင်း၊ လက်မှ စွမ်းအင်ပစ်လွှတ်နိုင်ခြင်းစတဲ့ စွမ်းအားတွေရရှိသွားတဲ့ Carol Danvers အဖြစ်သရုပ်ဆောင်မှာဖြစ်ပါတယ်။ Anna Biden နှင့် Ryan Fleck တို့က Captain Marvel ဇာတ်ကားကို ရိုက်ကူးမှာဖြစ်ပြီး ဒီဇာတ်ကားက Marvel Cinematic Universe ရဲ့ ပထမဆုံး အမျိုးသမီးဦးဆောင်တဲ့ တစ်ကိုယ်တော်ဇာတ်ကားဖြစ်ပါတယ်။
"သူတို့က ကျွန်မရဲ့ ထင်မြင်ယူဆချက်တွေကိုလည်း ကြားချင်တယ်ဆိုတော့ ကောင်းပါတယ်။ ကျွန်မက ဒီဇာတ်ကောင်နဲ့ တူညီချက်တွေအများကြီးရှိပြီး အဲ့ဒါတွေကို ဇာတ်လမ်းထဲကို ယူဆောင်လာစေချင်လို့ ကျွန်မကို ရွေးချယ်လိုက်တာထင်ပါတယ်" လို့ Larson က Marvel နှင့်လုပ်ငန်းစဉ်ကို ပြောပြပါတယ်။
Captain Marvel ဇာတ်ကားကို ၂၀၁၉ ခုနှစ် မတ်လ ၈ ရက်မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။
Bruce
#celebrity.thithtoolwin.com
Ref: EW