BIGBANG အဖွဲ့ဝင် G-Dragon က သူ့မွေးနေ့ဖြစ်တဲ့ ဩဂုတ်လ ၁၈ ရက်မှာ အလှူတစ်ခု ပြုလုပ်ခဲ့ပါတယ်။
သူက ကမ္ဘာအနှံ့အပြားက စစ်ပြေးဒုက္ခသည်တွေကို ကူညီဖို့အတွက် ဝမ် ၈၁.၈ သန်း (ခန့်မှန်းချေ ၇၁,၇၀၀ ဒေါ်လာ) ကို UN Refugee Agency (UNHCR) ဆီသို့ လှူဒါန်းခဲ့ပါတယ်။
G-Dragon က နှစ်စဉ်နှစ်တိုင်း သူ့မွေးနေ့မှာ နာမကျန်းသူတွေနှင့် မသန်မစွမ်းသူတွေအတွက် လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပြီး ပရိသတ်တွေကိုလည်း သူ့ကို နမူနာယူပြီး လိုက်လုပ်ကြဖို့ လူမှုကွန်ယက်ကနေ တိုက်တွန်းအားပေးလေ့ ရှိပါတယ်။
G-Dragon က “ကျွန်တော်တို့အားလုံးကို ငြိမ်းချမ်းတဲ့ ကမ္ဘာကြီးမှာ နေစေချင်ပါတယ်။ ပြည်တွင်းစစ်နှင့် အကြမ်းဖက်မှုတွေကနေ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကလေးတွေကို မြင်ရတာ စိတ်မကောင်းဖြစ်ရပါတယ်။ သူတို့အတွက် ခဏပဲဖြစ်ဖြစ် နားခိုလို့ရမယ့် နေရာလေးကို ဖန်တီးပေးဖို့ ကူညီချင်တာပါ။ ငြိမ်းချမ်းရေးဆိုတာ ဒီအတိုင်းထိုင်စဉ်းစားနေရုံနဲ့ သူ့အလိုလိုဖြစ်လာမှာမှ မဟုတ်တာ။ ကျွန်တော်တို့အားလုံး ဝိုင်းဝန်အားထုတ်ပြီး ဖန်တီးရမှာပါ” လို့ မှတ်ချက်ချခဲ့ပါတယ်။
ဆက်လက်ပြီး သူ့မွေးနေ့ဖြစ်တဲ့ ဩဂုတ်လ ၁၈ ရက်၊ ကိုရီးယားစံတော်ချိန် ညနေ ၈ နာရီ ၁၈ မိနစ်မှာ “BULLSHIT” သီချင်းဗီဒီယိုကို ထုတ်ဝေခဲ့ပါတယ်။ ဒီသီချင်းကို “Kwon Ji Yong” ထဲမှာပါဝင်တဲ့ link ကနေ ကြည့်ရှုရမှာဖြစ်ပါတယ်။
Bruce
#celebrity.thithtoolwin.com
Source: Soompi