Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / ကနေဒါနိုင်ငံသား Pop Star ၏ မွေးရပ်မြေတွင် Justin Bieber ပြတိုက် ဖွင့်လှစ်ပြသ

ကနေဒါနိုင်ငံသား Pop Star ၏ မွေးရပ်မြေတွင် Justin Bieber ပြတိုက် ဖွင့်လှစ်ပြသ

| No comment


ကနေဒါနိုင်ငံသား pop star ၏ မွေးရပ်မြေဖြစ်တဲ့ Stratford, Ontario မှာရှိတဲ့ Stratford Perth Museum မှာ Justin Bieber အတွက် ရည်စူးထားသည့် ပြပွဲတစ်ခုကို ဒီတစ်ပတ်ပိတ်ရက်က ဖွင့်လှစ်ခဲ့ပါတယ်။

ပြေးရာမှာ စီးနင်းတဲ့ ရှူးဖိနစ်မှအစ ဖျော်ဖြေပွဲတွင် ဝတ်ဆင်ခဲ့သည့် ဝတ်စုံ၊ အမေရိကန် သမ္မကတော်ဟောင်း Michelle Obama မှ ရေးသားခဲ့သည့် စာနှင့် Stratford Warriors အသင်းအတွက် လူငယ်ဟော်ကီကစားသမားအဖြစ် ကစားစဉ်က ဝတ်ဆင်ခဲ့တဲ့ ဂျာကင်အင်္ကျီအဆုံး အမှတ်တရပစ္စည်းမျိုးစုံပါဝင်သည့် Justin Bieber Exhibit -- Steps to Stardom လို့ အမည်ပေးထားတဲ့ ပြပွဲကို ဖေဖော်ဝါရီလ ၁၈ ရက်က ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက်က မြို့တွင်းရှိ Avon Theatre ရဲ့ လှေကားတွေထက်မှာ သီချင်းဆိုပြီး ငွေကောက်ခံနေတဲ့ ဗီဒီယိုကို YouTube ပေါ်တင်ခဲ့ရာက နာမည်ကျော်လာတဲ့ အသက် ၂၃ နှစ်အရွယ် အဆိုတော်ကတော့ ဖွင့်ပွဲကို မတက်ရောက်နိုင်ခဲ့ပါဘူး။ Justin က ဖေဖော်ဝါရီလ ၁၆ ရက်က လော့အိန်ဂျလိမြို့မှာ ကျင်းပခဲ့တဲ့ Celebrity NBA All-Star game မှာ ပါဝင်ကစားခဲ့တာဖြစ်ပါတယ်။

Stratford Perth Museum ၏ အထွေထွေမန်နေဂျာဖြစ်သူ John Kastner က စပိန်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ အီတလီနိုင်ငံ၊ ကနေဒါနိုင်ငံနှင့် အမေရိကန်နိုင်ငံ အရပ်ရပ်နှင့် တောင်ကိုရီးယားနိုင်ငံ၏ ခရီးသွားလာရေး ကုမ္ပဏီမှ ပြပွဲနှင့်ပတ်သက်သည့် emails နှင့် ဖုန်းခေါ်ဆိုမှုများ လက်ခံရရှိခဲ့ကြောင်း Billboard ကို ပြောပြခဲ့ပါတယ်။

“ပထမဆုံး ကြေညာတော့ ကျွန်တော်တို့ရဲ့ ပြပွဲမန်နေဂျာဆီသွားပြီး ‘ခင်ဗျား ဒီကိစ္စကို အပြင်းအထန် ကြိုးစားနေတာ ကျွန်တော်သိပါတယ်။ ဒီဇိုင်းကိုကြည့်ရတာလည်း မိုက်မည့်ပုံပါပဲ။ ဒါပေမယ့် တစ်ယောက်ယောက်က ဂျပန်နိုင်ငံကနေ ဒီအထိရောက်လာပြီးမှ ‘စိတ်ပျက်စရာကြီး’ လို့ပြောခံရတာမျိုး မဖြစ်ချင်ဘူးလို့ ပြောပြတော့ သူက ‘ဂျပန်နိုင်ငံတဲ့လား?’ ဆိုပြီး ပြန်မေးတယ်။ ကျွန်တော် ဂျပန်နိုင်ငံက လူတစ်ယောက်ဆီက email ရတယ်ဗျာ!”

ပြသပွဲနှင့် ပစ္စည်းစုဆောင်းရေး မန်နေဂျာနှင့် ထိန်းသိမ်းသူ Sara Zilke နှင့် Micaela Fitzsimmons က အစီအစဉ်လုပ် ကြီးမှူးကျင်းပတဲ့ Steps to Stardom ပြပွဲမှာ Bieber နှင့် ဆွေမျိုးများ၊ Stratford ဒေသခံများနှင့် ပရိသတ်များက ထောက်ပံ့ပေးသည့် ပစ္စည်းပေါင်း ၆၀ ပါဝင်ပါတယ်။ ဒါပေမယ့် ပြတိုက်က Bieber ၏ ပစ္စည်း ၁၂၅ ခုကို အသုံးပြုခွင့်ရှိတာကြောင့် မကြာခဏ လဲလှယ်ပြသပေးမှာဖြစ်ပါတယ်။

“ရက်အနည်းငယ်ကြာရင် တစ်ခါလောက် တစ်ယောက်ယောက်က ပစ္စည်းသစ်ရှိတယ်ဆိုပြီး ကျွန်တော်တို့ကို ဆက်သွယ်လာတော့ ပြထားတဲ့အထဲကို ထည့်လိုက်ရပြန်ရော။ ပြီးခဲ့တဲ့ သောကြာနေ့ကအထိ အဲ့ဒီလိုဖြစ်နေတာ။ ပရိသတ်တစ်ယောက်က Justin စီးခဲ့ပြီး လက်မှတ်ထိုးထားတဲ့ အပြေးဖိနပ်တစ်စုံ ယူလာတယ်။ ဒီအတိုင်း ဈေးဝယ်အိတ်ထဲ ထည့်ပြီး တံခါးက ဖြတ်လျှောက်ဝင်လာတာပဲ။” လို့ Kastner ကပြောပြပါတယ်။

“ကျွန်တော်တို့မှာ ရှိတဲ့ အထူးခြားဆုံး ပစ္စည်းကတော့ ရှိုးမှာ ပါဝင်ပြီးရင် အိမ်ပြန်လက်ဆောင်ပေးတဲ့ Ellen အတွင်းခံဘောင်းဘီတစ်ထည်ပါပဲ။ ရန်ပုံငွေပွဲလုပ်ပြီး သူ့အတွက် ဝယ်ပေးခဲ့တဲ့ ဒရမ်လည်း ရှိပါတယ်။ သူ့အသက် ၉ နှစ်တုန်းက ဒေသခံတွေက ရန်ပုံငွေပွဲလုပ်ပြီး သူ့အတွက် ကိုယ်ပိုင်ဒရမ်တစ်စုံ ဝယ်ပေးခဲ့တာလေ။ အဲ့ဒါကို လိုက်ရှာပြီး ပြပွဲမှာ ပြထားပေးပါတယ်” လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

ပစ္စည်တွေအားလုံးကို ပြပွဲပြီးသွားရင် ပိုင်ရှင်တွေဆီ ပြန်အပ်မှာဖြစ်ပြီး လောလောဆယ်တော့ ဒီဇင်ဘာလ ၂၁ ရက်ထိ ပြသဖို့ စီစဉ်ထားပါတယ်။ ဒါပေမယ့် ရက်တိုးပြီး ပြသဖို့လည်း ဖြစ်လာနိုင်ပါတယ်။ “ဘာဆက်လုပ်ချင်သလဲဆိုတာကို နိုဝင်ဘာလမှ Justin၊ မိသားစုတွေနှင့် မန်နေဂျာ Scooter Braun တို့နှင့် တိုင်ပင်ဖို့ သဘောတူထားပါတယ်” လို့ Kastner ကပြောပြပါတယ်။

Bieber ရဲ့ အဘိုးအဘွားတွေဆီကို အိမ်ရောင်းခဲ့တဲ့ Hyde Construction ပိုင်ရှင်က စပွန်ဆာပေးတဲ့ ကျေးဇူးကြောင့် ဒီပြပွဲက ဖြစ်မြောက်ခဲ့တာပါ။

“ဒီပြပွဲနှင့် ပတ်သက်ပြီး အောင်မြင်ဖြစ်ထွန်းသွားတဲ့ အမိမြေက သူရဲကောင်းရဲ့ စိတ်ဝင်စားဖွယ် ဇာတ်လမ်းကို မျှဝေပေးဖို့ ကူညီရတာ အရမ်းစိတ်လှုပ်ရှားနေပါတယ်။ ကျွန်တော်တို့ ဆန္ဒကို ထောက်ခံပေးပြီး သူတို့ဘဝရဲ့ တစ်စိတ်တစ်ပိုင်းကို ကမ္ဘာကြီးနှင့် မျှဝေပေးတဲ့ Justin နှင့် မိသားစုကို ကျေးဇူးတင်ပါတယ်” လို့ မူရင်းသတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြတိုက်မှာ ပုံမှန်အတိုင်း တစ်နှစ်အတွင်း လာရောက်သူ ၇၀၀၀ လောက်ရှိပေမယ့် Bieber ပြတိုက်ကြောင့် အရေအတွက် တိုးလာဖို့ မျှော်လင့်ထားပါတယ်။

Stratford ကို သွားလည်မယ်ဆိုရင်တော့ Bieber တက်ရောက်ခဲ့တဲ့ Northwestern အထက်တန်းကျောင်းနှင့် သူ့အကြိုက်ဆုံး ရေခဲမုန့်ဆိုင်၊ သကြားလုံးဆိုင်တွေကို သွားရောက်နိုင်မှာဖြစ်ပါတယ်။ Madelyn’s Diner ဆိုင်က သူထိုင်ခဲ့တဲ့ စားပွဲနှင့် Avon Theatre ရဲ့ လှေကားတွေထက်မှာလည်း သွားထိုင်ကြည့်လို့ရတာပေါ့။


RII

#celebrity.thithtoolwin.com

Source: Billboard